အမျိုးသမီးများ အခွင့်အရေး ရက်သတ္တပတ် 

၂၀၁၉ ခုနှစ်ကစ၍ မတ်လ ၈ ရက်နေ့တိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးနှင့် ပြင်သစ်ယဉ်ကျေးမှုဌာနတို့သည် နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသမီးများ အခွင့်အရေး ရက်သတ္တပတ်ကို စီစဉ်ကျင်းပခဲ့ပါသည်။ ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း အစီအစဉ်များတွင် အများပြည်သူများ၏ စိတ်ဝင်တစား ပါဝင်တက်ရောက်မှုများနှင့် စာနယ်ဇင်းမီဒီယာများ၏ သတင်းတင်ဆက်မှုများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်း ပြင်သစ်နိုင်ငံ၏ ဆောင်ရွက်နေမှုများ အထူးသဖြင့် အမျိုးသမီးအခွင့်အရေးဆိုင်ရာ ကာကွယ်ရပ်တည်မှုကဏ္ဍတွင် အဓိကဦးဆောင်နေမှုများမှာ ကောင်းစွာ ထင်ဟပ်လျက်ရှိပါသည်။ ကျားမ တန်းတူမညီမျှမှုများကို တိုက်ဖျက်ရေးနှင့် အမျိုးသမီးများ၏ အခွင့်အရေးများကို မြှင့်တင်ပေးရေးသည် ပြင်သစ်နိုင်ငံ၏ နိုင်ငံတကာတွင် ဦးစားပေးဆောင်ရွက်မှုများအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်ယဉ်ကျေးမှုဌာနတွင် ကျင်းပခဲ့သည့် ပွဲအစီအစဉ်များက ထပ်လောင်းခိုင်မာစေခဲ့ပါသည်။ 

၂၀၁၉ ခုနှစ်တွင်ကျင်းပခဲ့သည့် ပထမအကြိမ် အမျိုးသမီးများ အခွင့်အရေး ရက်သတ္တပတ်

ပထမအကြိမ် အမျိုးသမီးများ အခွင့်အရေး ရက်သတ္တပတ်အစီအစဉ်များတွင် ပါဝင်တက်ရောက်သူ ၁၅၀၀ ကျော် ရှိခဲ့ပါသည်။ အမျိုးသမီးများ အခွင့်အရေး ရက်သတ္တပတ်အစီအစဉ်ကို ၂၀၁၉ ခုနှစ် မတ်လ ၅ ရက်နေ့တွင် လူငယ်ပန်းချီပညာရှင် ခြူးဝေ‌ငြိမ်း၏ “Women, We Men” အမည်ရှိ ပန်းချီပြပွဲဖြင့် အနုပညာရှင်၏ လက်ရာများမှတစ်ဆင့် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်လွှားရှိ အမျိုးသမီးများ ကြုံတွေ့နေရသည့် ဖိအားများနှင့် အကြမ်းဖက်ခံရမှုများကို ကန့်ကွက်ရှုပ်ချသည့်အနေဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်ပွဲပြီးနောက်တွင် “အမျိုးသမီးများနှင့် ငြိမ်းချမ်းရေး” ခေါင်းစဉ်အောက်တွင် Yangon Film School (YFS) နှင့် Women’s League of Burma အဖွဲ့အစည်းများ၏ မှတ်တမ်းဇာတ်ကားပြပွဲများ ဆက်လက်တင်ဆက်ခဲ့ပါသည်။ ဇာတ်ကားပြသမှုမတိုင်မီ မအိ၏ တစ်ကိုယ်တော် သရုပ်ဖော်တင်ဆက်မှုလည်း ပါဝင်ခဲ့ပါသည်။ Yangon Film School (YFS) သည် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး၏ ပူးပေါင်းဆောင်ရွက်ရေးဌာနကြီးအောက်ရှိ “အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် လုပ်ကိုင်ဆောင်ရွက်သူများဆိုင်ရာ ဆန်းသစ်တီထွင်စီမံကိန်းများ ရန်ပုံငွေ (PISCCA)” ၂၀၁၇ ခုနှစ်၏ မိတ်ဘက်အဖွဲ့အစည်းတစ်ရပ် ဖြစ်ပါသည်။ မှတ်တမ်းဇာတ်ကားများတွင် လက်နက်ကိုင်ပဋိပက္ခများ၏ နောက်ဆက်တွဲဖြစ်ရပ်များကြောင့် အမျိုးသမီးများ ထိခိုက်ခံစားရမှုများနှင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ၏ အရေးပါသော အခန်းကဏ္ဍများကို ထင်ဟပ်ပြသထားပါသည်။ ပြသမှုပြီးနောက် ဇာတ်ကားများပါ အကြောင်းအရာများနှင့်ပတ်သက်၍ စကားဝိုင်းဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားပြုသူငါးဦးက ပါဝင်ဆွေးနွေးခဲ့ကြပါသည်။  

Women’s League of Burma ၏ စာနယ်ဇင်းရှင်းလင်းပွဲနှင့် ပန်းကလေးအဖွဲ့အစည်း၏ ဓမ္မတာကျန်းမာရေးဆိုင်ရာ ပိုမိုသိရှိနားလည်လာရေး လှုပ်ရှားမှု စတင်ဖွင့်လှစ်သည့် အစီအစဉ်များကဲ့သို့ အရပ်ဘက်လူမှုအဖွဲ့အစည်းများက စီစဉ်သည့် အခမ်းအနားများကိုလည်း ပြင်သစ်ယဉ်ကျေးမှုဌာနတွင် လက်ခံကျင်းပပေးနိုင်ခဲ့ပါသည်။ အမျိုးသမီးများ ထိပါးနှောက်ယှက်ခံရမှုကို တိုက်ဖျက်ရန်ရည်ရွယ်သည့် “ #Ask for zarni” လှုပ်ရှားမှုကို မြှင့်တင်ပေးသော အစီအစဉ်ကို ပြင်သစ်ယဉ်ကျေးမှုဌာန၏ ပူးပေါင်းတင်ဆက်မှု တတိယအစီအစဉ်အဖြစ် ဟိုတယ်-ဂျီ ရန်ကုန်တွင် ၂၀၁၉ ခုနှစ် မတ်လ ၄ ရက်နေ့၌ ပြုလုပ်ခဲ့ပါသည်။

၂၀၁၉ ခုနှစ် မတ်လ ၇ ရက်နှင့် ၈ ရက်တွင် “ယောနိတို့စကားဝိုင်း” အစီအစဉ်ကို မြန်မာဘာဖြင့်တစ်ရက်၊ အင်္ဂလိပ်ဘာသာဖြင့်တစ်ရက် တင်ဆက်ခဲ့ပါသည်။ မြန်မာဘာသာဖြင့် တင်ဆက်မှုမှာ ပထမဆုံးအကြိမ် တင်ဆက်နိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။ ယခင်က ယင်းစကားဝိုင်းအစီအစဉ်ကို ၂၀၁၈ ခုနှစ်တွင် အင်္ဂလိပ်ဘာသာဖြင့်သာ တင်ဆက်ခဲ့ဖူးပါသည်။ မြန်မာဘာသာဖြင့် တင်ဆက်သည့် အစီအစဉ်တွင် မြန်မာနိုင်ငံတွင် ပြောဆိုဆွေးနွေးရန် လူအများ ရှောင်ကြဉ်ကြသော ကိစ္စရပ်များဖြစ်ကြသည့် လိင်ဖြစ်တည်မှုနှင့် အမျိုးသမီးများ၏ ခန္ဓာကိုယ်ဆိုင်ရာ အကြောင်းအရာများကို ပရိတ်သတ်များရှေ့တွင် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော်ဆွေးနွေးနိုင်ခဲ့ပါသည်။

၂၀၂၀ ခုနှစ်တွင်ကျင်းပခဲ့သည့် ဒုတိယအကြိမ် အမျိုးသမီးများ အခွင့်အရေး ရက်သတ္တပတ်

အမျိုးသမီးများ အခွင့်အရေး ရက်သတ္တပတ် အထိမ်းအမှတ်အဖြစ် ၂၀၂၀ ခုနှစ် မတ်လ ၂ ရက်မှ ၆ ရက်အထိ တင်ဆက်မှုအစီအစဉ် ၁၂ ရပ်ကို မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး၊ ပြင်သစ်ယဉ်ကျေးမှုဌာနနှင့် ပြင်သစ်စက်မှုလက်မှုနှင့်ကုန်သည်ကြီးများအဖွဲ့တို့ ပူးပေါင်းတင်ဆက်နိုင်ခဲ့ပါသည်။ ယင်းပူးပေါင်းစီစဉ်မှုမှတစ်ဆင့် အားကစားကဏ္ဍ၊ အနုပညာကဏ္ဍ၊ စာနယ်ဇင်းကဏ္ဍ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်မှုများနှင့် တက်ကြွလှုပ်ရှားမှုများကဏ္ဍ၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်လာမည့် မြန်မာ့နိုင်ငံရေးကဏ္ဍများတွင် အမျိုးသမီးများ၏ ပါဝင်နေမှုများကို ထုတ်ဖော်တင်ဆက်နိုင်ခဲ့ပါသည်။

၂၀၂၀ ခုနှစ် အစီအစဉ်များကို မတ်လ ၃ ရက်နေ့တွင် လေဟာပြင်ရုပ်ရှင်ပြသမှုဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်ပွဲအစီအစဉ်တွင် ဂျူလီယန်အာလတ်၏ ပြင်သစ်နိုင်ငံရှိ ပထမဆုံး အမျိုးသမီးဘောလုံးအသင်းအကြောင်း ရိုက်ကူးတင်ဆက်ထားသော ဟာသဇာတ်မြူး “အမျိုးသမီးများ ကန်ပါစေ” ပြင်သစ်ရုပ်ရှင်ကားကို ပြသခဲ့ပါသည်။ မြန်မာလူငယ်အမျိုးသမီးဘောလုံးသမားများအပါအဝင် ပရိတ်သတ် တစ်ရာကျော် ဖွင့်ပွဲနှင့် ပြသမှုအစီအစဉ်ကို တက်ရောက်ခဲ့ကြပါသည်။

ပြင်သစ်ယဉ်ကျေးမှုဌာနသည် ကမ္ဘာတစ်လွှားရှိ အမျိုးသမီးဝါဒီပိုစတာများ စုစည်းပြသသည့် လာဟခ်ျအဖွဲ့အစည်းနှင့် ပူးပေါင်း၍ “နံရံထက်ရှိ အမျိုးသမီးဝါဒီ” ပြပွဲကို စီစဉ်ကျင်းပနိုင်ခဲ့ပါသည်။ လာဟခ်ျအဖွဲ့အစည်း၏ ပိုစတာများတွင် ဥရောပနှင့် လက်တင်အမေရိကမှ ပိုစတာများသာ အဓိကပါဝင်ခဲ့ရာ ပြင်သစ်သံရုံးနှင့် ပြင်သစ်ယဉ်ကျေးမှုဌာနသည် ၂၀၁၉ ခုနှစ် နွေရာသီကစ၍ မြန်မာနှင့် အာရှတိုက်တစ်လွှားရှိ အဖွဲ့အစည်းများအား ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ခဲ့ပါသည်။ ယင်းဖိတ်ခေါ်မှုမှတစ်ဆင့် အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုကြောင့် ထပ်မံရရှိလာသော အမျိုးသမီးဝါဒီပိုစတာများကို ပြပွဲတွင် ထည့်သွင်းကာ ယင်းလက်ရာကောင်းများကို ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် ပြသနိုင်ခဲ့ပါသည်။

၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပြပွဲဖွင့်ပွဲသို့ အက္ခရာအမျိုးသမီးမြန်မာ အဖွဲ့အစည်းတည်ထောင်သူ ဒေါ်ထားထားကိုယ်တိုင် တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံရှိ အမျိုးသမီးဝါဒီဆိုင်ရာ အကြောင်းအရာများအပေါ် ထားရှိသည့် သဘောထားများနှင့် ပြပွဲဖြစ်မြောက်ရေးအတွက် အက္ခရာအမျိုးသမီးမြန်မာ၏ ပူးပေါင်းပါဝင်ခဲ့မှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ၂၀၂၀ ခုနှစ် အမျိုးသမီးများ အခွင့်အရေး ရက်သတ္တပတ် အစီအစဉ်များ၏ ပင်မသရုပ်ဖော်ပုံအဖြစ် အက္ခရာအမျိုးသမီးမြန်မာက ယင်း၏ ပိုစတာရုပ်ပုံကို အသုံးပြုခွင့်ပေးခဲ့ပါသည်။ (အောက်ပါသရုပ်ဖော်ပုံ)

လွှတ်တော်သို့ တင်သွင်းထားသည့် အမျိုးသမီးအခွင့်အရေးဥပဒေပါ “သဘောတူညီချက်ရယူခြင်း” ဆိုသည့်ကိစ္စရပ်ကို Purple Feminists Group မှ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ မနန္ဒာနှင့် လူမှုကွန်ယက်မီဒီယာများတွင် လူကြိုက်များလှသည့် မဝင်းမင်းသန်းတို့က မတ်လ ၄ ရက် ညနေခင်းတွင် တိုက်ရိုက်ပေါ့ကတ်မှတဆင့် ထုတ်လွှင့်ဆွေးနွေးသွားခဲ့ပါသည်။ မြန်မာလူငယ်အမျိုးသမီးအများစုပါဝင်သည့် ပရိတ်သတ် ၁၂၀ ကျော်သည် ယင်းအစီအစဉ်ကို စိတ်ဝင်တစား တက်ရောက်အားပေးနားဆင်ခဲ့ကြပါသည်။ ပေါ့ကတ်ရုပ်သံမှတ်တမ်းကို လူမှုကွန်ယက်မီဒီယာများတွင် စုစုပေါင်း ကြည့်ရှုသူ ၃၀,၀၀၀ ကျော်ခဲ့ပြီး မျှဝေသူ ၅၀၀ ကျော်ရှိခဲ့ပါသည်။

မတ်လ ၅ ရက်နေ့တွင်မူ လာမည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲကြီးတွင် ပါဝင်ကြမည့် အမျိုးသမီးများ၏ အခန်းကဏ္ဍကို ဆွေးနွေးခဲ့ကြပါသည်။ ယင်းအစီအစဉ်ကို မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စား ကျင်းပပေးခဲ့ခြင်းဖြစ်ပြီး လာမည့်ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်များနှင့် ကိုယ်စားလှယ်လောင်းများအဖြစ် အမျိုးသမီးများ ပါဝင်ကြရမည့် အခန်းကဏ္ဍနှင့် စိန်ခေါ်မှုများဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ စကားဝိုင်းဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဥိးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။ ယင်းကဏ္ဍအောက်တွင် လုပ်ဆောင်နေကြသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ပြခန်းများလည်း အစီအစဉ်တွင် ပါဝင်ခဲ့ပြီး ပြခန်းနေရာများသည် အချင်းချင်းအကြား မျှဝေရာနှင့် ဆွေးနွေးပြောဆိုရာ ရပ်ဝန်းတစ်ခု ဖြစ်ခဲ့ပါသည်။

မတ်လ ၆ ရက် သောကြာနေ့ညနေခင်းတွင် ကမ္ဘာတစ်လွှားရှိ အမျိုးသမီးများ၏ ကြိုးစားရုန်းကန်ရမှုများအကြောင်း ပြင်သစ်အနုပညာရှင် သုံးဦးက ပူးပေါင်းဖန်တီးထားသည့် ဂီတရုပ်သံတင်ဆက်မှုများဖြင့် ပိတ်ပွဲကျင်းပခဲ့ပါသည်။ ပိတ်ပွဲညနေခင်းကို “ Girl Determined” အဖွဲ့အစည်းနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ လုံခြုံမှုကို မြှင့်တင်ပေးရေး အစီအစဉ်ကို စတင်ဆောင်ရွက်နေသော “ Bridge” အဖွဲ့အစည်း၏ လှုပ်ရှားမှုအား ဦးတည်သည့် အကတင်ဆက်မှုဖြင့် စတင်ခဲ့ပါသည်။ ယင်းလှုပ်ရှားမှု၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးတစ်ဖြစ်လဲ ထင်ရှားသည့် တေးသံရှင်တစ်ဦးဖြစ်သည့် Youn Ni Ko က လှုပ်ရှားမှုအစီအစဉ်၏ သီချင်းအပါအဝင် အခြားသီဆိုဖျော်ဖြေမှုများဖြင့်ပါ ပါဝင်တင်ဆက်ခဲ့ပါသည်။

ပြင်သစ်ယဉ်ကျေးမှုဌာန၌ ယင်းတစ်ပတ်တာအတွင်း တင်ဆက်မှုများတွင် ပါဝင်တက်ရောက်သူ ၈၀၀ ကျော် ရှိခဲ့ပါသည်။



နှစ်ကြိမ်တိုင် ကျင်းပပြီးခဲ့သည့် အမျိုးသမီးများ၏ အခွင့်အရေး ရက်သတ္တပတ်ကာလအတောအတွင်း အမျိုးသမီးအခွင့်အရေးအတွက် လုပ်ဆောင်နေကြသည့် အရပ်ဘက်လှုမှုအဖွဲ့အစည်းများမှ ကိုယ်စားပြုသူများ၊ အမျိုးသမီး အားကစားသမားများ၊ လူသားချင်းစာနာထောက်ထားမှုကဏ္ဍတွင် လုပ်ဆောင်နေကြသည့် အမျိုးသမီးများ၊ အမျိုးသမီး နိုင်ငံရေးသမားများ၊ စာနယ်ဇင်းပုဂ္ဂိုလ်များနှင့် သရုပ်ဖော်အနုပညာရှင်များအား မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးကိုယ်တိုင် ဖိတ်ကြားဧည့်ခံသည့် တွေ့ဆုံမှုများစွာကို မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးအနေဖြင့် စီစဉ်ဆောင်ရွက်နိုင်ခဲ့ပါသည်။