ယဉ်ကျေးမှုပွဲအစီအစဉ်ပိုင်းနှင့် ပူးပေါင်းဆောင်ရွက်မှုပိုင်း အစီအစဉ်များ
ပြင်သစ်ယဉ်ကျေးမှုဌာနသည် တီထွင်ဖန်တီးမှု၊ ဆွေးနွေးမှုနှင့် အပြန်အလှန်ဖလှယ်မှုများ စုံလင်ပြည့်ဝစွာ ပါဝင်သော တစ်နှစ်တာ ပွဲအစီအစဉ်များမှတစ်ဆင့် ရန်ကုန်မြို့၏ ယဉ်ကျေးမှုကဏ္ဍကို ပံ့ပိုးမြှင့်တင်ပေးလျက် ရှိပါသည်။ ရုပ်ရှင်နှင့် ဂီတမှသည် စာပေနှင့် သရုပ်ဖော်အနုပညာအထိ အနုပညာရှင်များ၊ ကျွမ်းကျင်ပညာရှင်များ၊ ကျောင်းသူကျောင်းသားများနှင့် အများပြည်သူများအတွက် မတူကွဲပြားသော အတွေးအခေါ်၊ အတွေ့အကြုံများ ထိတွေ့နိုင်မည့် ရပ်ဝန်းတစ်ခုအဖြစ် ပြင်သစ်ယဉ်ကျေးမှုဌာနက ဖော်ဆောင်လျက် ရှိပါသည်။
ယဉ်ကျေးမှုနှင့် လူမှုအနုပညာဆိုင်ရာ အကြောင်းအရာများကို အလေးပေး တင်ဆက်သော နှစ်စဉ် ပွဲအစီအစဉ်များ ဖြစ်သည့် မတ်လတွင် ကျင်းပသော ပြင်သစ်ဘာသာစကားနှင့်ယဉ်ကျေးမှုပွဲတော် (Fête de la Francophonie)၊ အမျိုးသမီးအခွင့်အရေး ရက်သတ္တပတ်၊ ဇွန်လတွင် ကျင်းပသော LGBTQIA+ အသိပညာပေးလ၊ နိုဝင်ဘာလတွင် ကျင်းပသော ဒစ်ဂျစ်တယ်နိုဝင်ဘာ၊ ဒီဇင်ဘာလတွင် ကျင်းပသော လူ့အခွင့်အရေးနေ့ပွဲအစီအစဉ်များ၌ ရုပ်ရှင်နှင့် ဒစ်ဂျစ်တယ်အနုပညာမှသည် ရိုးရာလက်မှုပညာနှင့် ခေတ်ပြိုင်အနုပညာတင်ဆက်မှုများအထိ နယ်ပယ်စုံကို ပရိသတ်များ လေ့လာထိတွေ့ခံစားနိုင်မည် ဖြစ်ပါသည်။
နှစ်စဉ် ပုံမှန်ကျင်းပမြဲဖြစ်သော အစီအစဉ်များအပြင် ဖက်ရှင်သင်တန်းအစီအစဉ်၊ အကပြိုင်ပွဲများ၊ ဂီတစီမံကိန်းများကိုလည်း စီစဉ်တင်ဆက်လျက် ရှိပါသည်။ ထို့ပြင် ပြင်သစ်-ဂျာမနီ ယဉ်ကျေးမှုဆိုင်ရာ မိတ်ဘက်ပူးပေါင်းမှုများလည်း ရှိပြီး အနုပညာနှင့် ယဉ်ကျေးမှုပိုင်း အစီအစဉ်များကို ထောင့်စေ့ပြည့်စုံစေရန် ဖြည့်ဆည်းပေးလျက်ရှိပါသည်။
တစ်နှစ်ပတ်လုံး ပြပွဲများ၊ စာအုပ်မိတ်ဆက်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ စကားဝိုင်းများနှင့် ရုပ်ရှင်ပြသပွဲများမှတစ်ဆင့် အနုပညာနှင့် ယဉ်ကျေးမှုမြှင့်တင်ရေးကို ပြင်သစ်ယဉ်ကျေးမှုဌာနက ပံ့ပိုးပေးလျက် ရှိပါသည်။ ယင်းတို့ကို ပြည်တွင်းပြည်ပ မိတ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး တီထွင်ဖန်တီးမှုဆိုင်ရာ သင်ယူမှုနှင့် အများပြည်သူ ပါဝင်ဆင်နွှဲနိုင်မည့် အခွင့်အလမ်းများကို အသီးအပွင့်အဖြစ် ဖော်ဆောင်ပေးပါသည်။
မိတ်ဆွေအနေဖြင့် အနုပညာရှင်တစ်ဦးဖြစ်စေ၊ ပညာရေးနယ်ပယ်မှဖြစ်စေ၊ ကျောင်းသူကျောင်းသားဖြစ်စေ သို့မဟုတ် စူးစမ်းလိုသူတစ်ဦးဖြစ်စေ ဌာန ၏ ပွဲအစီအစဉ်များ၌ အချင်းချင်း ချိတ်ဆက်ရန်၊ သင်ယူရန်နှင့် ပါဝင်ဆင်နွှဲရန် အခွင့်အလမ်းများစွာ ရှိနေပါသည်။ ရန်ကုန်မြို့၏ အချက်အချာကျသောနေရာတွင် ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုများကို အတူပါဝင်ဆင်နွှဲရန် ဖိတ်ခေါ်လိုက်ရပါသည်။
ပြင်သစ်ယဉ်ကျေးမှုဌာန၏ ယဉ်ကျေးမှုပွဲအစီအစဉ်များကို ကဏ္ဍကြီး သုံးရပ်ခွဲ၍ စီစဉ်တင်ဆက်လျက် ရှိပါသည်။
မြန်မာနိုင်ငံ၏ တက်ကြွလှုပ်ရှားနေသော ယဉ်ကျေးမှုနယ်ပယ်တွင် ပါဝင်လိုသည့် အဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များအတွက် ပြင်သစ်ယဉ်ကျေးမှုဌာနသည် ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို ဖော်ဆောင်ပေးအပ်လျက် ရှိပါသည်။ ပြည်တွင်းလူမှုအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ ပြင်သစ်အဖွဲ့အစည်းများ၊ နိုင်ငံတကာမိတ်ဘက်များဖြင့် ခိုင်မာသော ကွန်ရက် ရှိသည့်အတွက် ဌာနသည် မိတ်ဖက်များအား အများပြည်သူ ပိုမိုသိရှိလာစေရန်၊ အဓိပ္ပာယ်ရှိသော ချိတ်ဆက်မှုများ တည်ဆောက်ရန်နှင့် တက်ကြွသော ယဉ်ကျေးမှုပွဲများတွင် ပါဝင်ကူညီရန် အခွင့်အလမ်းများ ကမ်းလှမ်းလျက် ရှိပါသည်။
နှစ်စဉ် ကျင်းပနေသည့် ပွဲအစီအစဉ်များတွင် မတူကွဲပြားသော ပရိသတ်များကို ဆွဲဆောင်နိုင်သည့် လှုပ်ရှားမှုများ ပါဝင်သဖြင့် မိတ်ဘက်များအနေဖြင့် အပြုသဘောဆောင်သော လူမှုသက်ရောက်မှုများနှင့်အတူ မိမိတို့၏ လုပ်ငန်းများကိုပါ ပါဝင် မြှင့်တင်နိုင်မည် ဖြစ်ပါသည်။

အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ
(စနေ၊ တနင်္ဂနွေနှင့် အများပြည်သူ အားလပ်ရက်များတွင် ပိတ်ပါသည်။)
9:00AM to 12:30PM / 1:30PM to 5:00PM
၃၄၀၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ၁၁၁၁၁
ရန်ကုန်၊ မြန်မာ
(+95) 9 880 913 511