ဖူးပွင့်စ စီမံကိန်း

မြန်မာနိုင်ငံရှိ ယဉ်ကျေးမှုနှင့်ဖန်တီးမှုကဏ္ဍများ (Cultural and Creative Industries - CCIs) အတွက် Fonds Équipe France (FEF) စီမံကိန်းသည် နိုင်ငံ၏ ဖန်တီးမှုဂေဟစနစ်ကို အားကောင်းစေရန်နှင့် ထူးချွန်လူငယ်များအား ပံ့ပိုးမြှင့်တင်ပေးရန် ဖော်ဆောင်နေသည့် မဟာဗျူဟာမြောက် စီမံကိန်းတစ်ခု ဖြစ်ပါသည်။ နှစ်နှစ်တာ ကြာမြင့်မည့် ဤစီမံကိန်းသည် သီးခြားစီဖြစ်နေသော ထောက်ပံ့မှုများထက် ဖန်တီးမှုစီးပွားရေးကဏ္ဍတစ်ခုလုံးအပေါ် ရေရှည်တည်တံ့ပြီး အသွင်ကူးပြောင်းစေနိုင်သော သက်ရောက်မှုများ ပေးစွမ်းရန် ရည်ရွယ်ပါသည်။
၂၀၂၅ ခုနှစ် ဇူလိုင်လမှ ၂၀၂၆ ခုနှစ် ဒီဇင်ဘာလအထိ (၁၈ လကြာ) အကောင်အထည်ဖော်သွားမည့် ဤအစီအစဉ်သည် အခွင့်အလမ်းကောင်းများ၊ ဖန်တီးမှုဆိုင်ရာ သင်တန်းများနှင့် စီးပွားရေးဦးဆောင်မှုဆိုင်ရာ ပံ့ပိုးမှုများ ပေးအပ်ခြင်းဖြင့် ထိခိုက်လွယ်သောအုပ်စုများ (အထူးသဖြင့် လူငယ်နှင့် အမျိုးသမီးများ) ၏ စီးပွားရေးကြံ့ခိုင်မှုကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။ ပြည်တွင်းမှ ကျွမ်းကျင်မှုများနှင့် ပြင်သစ်နိုင်ငံ၏ နည်းပညာရပ်များ ပေါင်းစပ်ခြင်းဖြင့် မြန်မာ့ဖန်တီးမှုစွမ်းရည်များကို ဖော်ထုတ်ပေးသွားမည် ဖြစ်ပါသည်။
စီမံကိန်းသည် အောင်မြင်ရန် အလားအလာကောင်းပြီး လူငယ်များ ဦးဆောင်နေသည့် ကဏ္ဍ (၃) ရပ်အပေါ် အဓိကထား ဆောင်ရွက်မည် ဖြစ်ပါသည်။
ဤကဏ္ဍများမှတစ်ဆင့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့်ဖန်တီးမှုကဏ္ဍကြီးတစ်ခုလုံး၏ အနာဂတ်အတွက် ပထမဆုံးသော ဘက်စုံသုံးသပ်ချက်များကို စတင်ချမှတ်နိုင်ရန် ရည်မှန်းထားပါသည်။
အဓိကရည်ရွယ်ချက်မှာ မြန်မာ့ဖန်တီးမှုဂေဟစနစ် (အထူးသဖြင့် ဖက်ရှင်၊ Webtoon နှင့် E-Sports ကဏ္ဍများ) ကို စနစ်တကျ ဖွဲ့စည်းလည်ပတ်နိုင်ရန်နှင့် ကျွမ်းကျင်မှုအဆင့်အတန်း မြှင့်တင်ရန် ဖြစ်ပါသည်။ ၎င်းအတွက် အဆင့်မြှင့်တင်ပေးခြင်း (Incubation)၊ လမ်းညွှန်မှုပေးခြင်း (Mentoring)၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်းတို့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖန်တီးမှုလုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ လုပ်ငန်းများကို ရေရှည်တည်တံ့သောနည်းလမ်းဖြင့် ချဲ့ထွင်နိုင်ရန်လည်း ကူညီပံ့ပိုးပေးမည် ဖြစ်ပါသည်။
စီမံကိန်းကို အပြန်အလှန် အကျိုးပြုနေသော အစိတ်အပိုင်း (၃) ရပ်ဖြင့် တည်ဆောက်ထားပြီး မဟာဗျူဟာနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးမှသည် စီးပွားရေးဦးဆောင်မှုအထိ လုပ်ငန်းစဉ်တစ်ခုလုံး ပြည့်စုံစေရန် စီစဉ်ထားပါသည်။
မတူကွဲပြားပြီး အလွတ်သဘော ဖြစ်နေသော ဖန်တီးမှုနယ်ပယ်များကို စနစ်ကျပြီး အသိအမှတ်ပြုခံရသော ကဏ္ဍတစ်ခုအဖြစ် ပြောင်းလဲရန် ရည်ရွယ်ပါသည်။ ယင်းအတွက် ဆောင်ရွက်ဖွယ်များအဖြစ် သက်ဆိုင်သူများအားလုံးကို သတ်မှတ်ချိတ်ဆက်ခြင်း၊ အချက်အလက်စုဆောင်းခြင်းနှင့် စာမျက်နှာ (၁၀၀) ပါဝင်သော စက္ကူဖြူစာတမ်း အစီရင်ခံစာ ပြုစုခြင်းတို့ ပါဝင်သည်။ ဤအစီရင်ခံစာသည် လုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာမြောက် လမ်းပြမြေပုံအဖြစ် အသုံးဝင်မည် ဖြစ်ပါသည်။
(၁၂) လကြာ အဆင့်မြှင့်တင်ခြင်းနှင့် လမ်းညွှန်မှုပေးခြင်း (Incubation and Mentoring) အစီအစဉ်မှတစ်ဆင့် ဖန်တီးမှုလုပ်ငန်းရှင် (၁၂) ဦးအား အထူးပံ့ပိုးမှုများ ပေးအပ်မည် ဖြစ်ပါသည်။ အလားအလာအကောင်းဆုံး စီမံကိန်း (၆) ခုကို လုပ်ငန်းချဲ့ထွင်နိုင်ရန်အတွက် မတည်ရင်းနှီးငွေ (Seed Funding) ထောက်ပံ့ပေးမည် ဖြစ်ပြီး အောင်မြင်မှုဇာတ်လမ်းများနှင့် အတွေ့အကြုံများကိုလည်း မျှဝေသွားမည် ဖြစ်ပါသည်။
ဖန်တီးမှုနှင့် နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များ အားကောင်းစေရန်အတွက် ပါဝင်သူများသည် ပြင်သစ်ဖက်ရှင်အင်စတီကျု (French Fashion Institute) နှင့် Webtoon Academy ကဲ့သို့သော ဦးဆောင်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ အထူးသင်တန်းများနှင့် အတွေ့အကြုံဖလှယ်မှုများ ရရှိမည် ဖြစ်ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုများသည် ပြင်သစ်နှင့် မြန်မာအနုပညာရှင်များအကြား အတူတကွ ဖန်တီးမှုနှင့် ဗဟုသုတဖလှယ်မှုများကို မြှင့်တင်ပေးနိုင်မည် ဖြစ်ပါသည်။
FEF-CCI Myanmar စီမံကိန်းသည် တိုက်ရိုက်အကျိုးခံစားခွင့်ရှိသူ ၄,၃၅၄ ဦး ထံသို့ ရောက်ရှိရန် ရည်မှန်းထားပါသည်။
စီမံကိန်းသည် အားလုံးပါဝင်နိုင်မှုနှင့် စွမ်းရည်မြှင့်တင်မှုအပေါ် အလေးပေးခြင်းဖြင့် ကျား၊မ တန်းတူညီမျှမှု၊ လူငယ်အလုပ်အကိုင် အခွင့်အလမ်းနှင့် ရေရှည်တည်တံ့သော ဖန်တီးမှုဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပါသည်။ ဤစီမံကိန်း၌ မြန်မာ့ဖန်တီးမှုအနာဂတ်ကို ပုံဖော်ရန် မျှော်မှန်းချက်၊ ဆန်းသစ်တီထွင်မှုနှင့် လက်တွေ့ကျသော လုပ်ဆောင်မှုများ ပါဝင်ပါသည်။ စီမံကိန်း အကောင်အထည်ဖော်မှုကို အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍမှ အဖွဲ့ဝင်များပါဝင်သော စီမံခန့်ခွဲမှုကော်မတီက လမ်းညွှန်ကြီးကြပ်သွားမည် ဖြစ်ပါသည်။

အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ
(စနေ၊ တနင်္ဂနွေနှင့် အများပြည်သူ အားလပ်ရက်များတွင် ပိတ်ပါသည်။)
9:00AM to 12:30PM / 1:30PM to 5:00PM
၃၄၀၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ၁၁၁၁၁
ရန်ကုန်၊ မြန်မာ
(+95) 9 406 596 611