ဇူလိုင် ၁၄ – ဘာစတီးနေ့ (ပြင်သစ်အမျိုးသားနေ့)

 

ပါရီမြို့တွင် ကျင်းပလေ့ရှိသည့် ပြင်သစ်တော်လှန်ရေးနေ့များအနက် ဇူလိုင် (၁၄)၊ ဘာစတီးနေ့ကို ပြင်သစ်အမျိုးသားနေ့အဖြစ် သတ်မှတ်ကာ စစ်ရေးပြပွဲများ၊ ကပွဲဖျော်ဖြေပွဲများ၊ မီးရှူးမီးပန်းပစ်လွှတ်ခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ နှစ်စဉ် ကျင်းပကြပါသည်။ ဘာစတီးရဲတိုက်ကြီးကို တော်လှန်ရေးဘက်တော်သားများ ဝင်ရောက်စီးနင်းခဲ့ကြသည့် ၁၇၈၉ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်ကို ပြင်သစ်နိုင်ငံအနှံ့ အောက်မေ့ကျင်းပကြသည်မှာ နှစ်ပေါင်း တစ်ရာကျော်ပြီ ဖြစ်ပါသည်။

 

(စောယွန်းစန္ဒီ)

 

ဘာစတီးဘုရင့်ရဲတိုက်ကြီးကို ဝင်ရောက်စီးနင်းခြင်း

ပြင်သစ်တော်လှန်ရေး အစောပိုင်းလများတွင် ပါရီမြို့၌ တင်းမာမှုများ မြင့်တက်လာခဲ့ပါသည်။ ၁၇၈၉ ခုနှစ် နွေဦးအရောက်တွင် ဘုရင့်လွှတ်တော် (Estates-General) သည် လွှတ်တော်ဖျက်သိမ်းရန် ငြင်းဆန်ခဲ့ပြီး အမျိုးသားလွှတ်တော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ဇူလိုင်လတွင် လွီဘုရင်သည် လွှတ်တော်အတွင်းသို့ အသစ်ဖွဲ့စည်းထားသည့် ဘုရင့်တပ်တော်နှင့် ဝင်ရောက်လာပြီး ထင်ရှားသည့် ဝန်ကြီး ရက်နက်ကာကို တာဝန်မှ ရပ်စဲခဲ့ပါသည်။ ဇူလိုင် ၁၄ မနက်ခင်းတွင် ပါရီမြို့တော်သူမြို့တော်သားများသည် လေဇင်ဗာလိဒ် အဆောက်အအုံ (ယခု နပိုလီယံသချိုင်းတော်) အတွင်းရှိ လက်နက်တိုက်ကို ဖောက်ကာ လက်နက်များသိမ်းယူပြီး ဘာစတီးဘုရင့်ရဲတိုက်သို့ ချီတက်ခဲ့ကြပါသည်။ ရဲတိုက်ကြီးကို ဝင်ရောက်စီးနင်းရာတွင် သွေးထွက်သံယို ပစ်ခတ်မှုများစွာ ဖြစ်ပွားခဲ့ပြီး အဆုံးသတ်တွင် ရဲတိုက်ကြီးအတွင်း အကျဉ်းချထားသည့် အကျဉ်းသားများကို လွှတ်ပေးနိုင်ခဲ့ပါသည်။

ယင်းကဲ့သို့ ဘာစတီးရဲတိုက်ကြီးကို ဝင်ရောက်စီးနင်းသိမ်းပိုက်နိုင်မှုသည် ပါရီသူပါရီသားများအတွက် ဘုရင့်အုပ်စိုးမှုကို တွန်းလှန်အောင်မြင်ခဲ့သည့် ပထမဆုံး အောင်ပွဲဖြစ်ခဲ့ပါသည်။ များမကြာမီ လများအတွင်းပင် သက်ဦးဆံပိုင်ဘုရင်စနစ် ပျက်သုဉ်းသွားခဲ့ပါသည်။

၁၇၉၀ ခုနှစ်၊ ဇူလိုင် ၁၄ တွင် လာဖက်ဒီလာဖက်ဒရားစရွန်း (ဖက်ဒရေးရှင်းပွဲတော်) ကို တော်လှန်ရေးကြီး၏ ပထမဆုံးနှစ်ပတ်လည်ပွဲတော်ကြီးအဖြစ် ကျင်းပခဲ့ပါသည်။ ယင်းနေ့၌ ပါရီမြို့၊ ရွှန့်ဒီမာဇ့်ရင်ပြင်ကြီးရှိ အဖပြင်သစ်နိုင်ငံတော်ဝတ်ပြုရာနေရာတွင် ရှားလ်မောရစ်ဒီတယ်လီရွန်က မစ္ဆားဝတ်ပြုကိုးကွယ်မှုကို ပြုလုပ်ခဲ့ပါသည်။

နိုင်ငံတော်အဆင့် အများပြည်သူအားလပ်ရက်အဖြစ် သတ်မှတ်ခြင်း

၁၇၉၀ ခုနှစ်နောက်ပိုင်းတွင် ဇူလိုင် ၁၄ နေ့အထိမ်းအမှတ်ကျင်းပခြင်းများကို ရပ်စဲခဲ့ပါသည်။ တတိယမြောက် ပြင်သစ်သမ္မတနိုင်ငံတော်ခေတ်ရောက်သည့်အခါ လီယွန်ဂမ်ဘတ်တာ အစရှိသည့် ခေါင်းဆောင်ကြီးများသည် နိုင်ငံတော်တည်ထောင်သည့် အထိမ်းအမှတ်နေ့အဖြစ် ကျင်းပရန် ပြန်လည်ကြိုးပမ်းခဲ့ကြပါသည်။ သိပ္ပံရေးရာ ဒုတိယဝန်ကြီး ဘဂျမ်မင်ရက်စ်ပဲသည် ဇူလိုင် ၁၄ ကို ပြင်သစ်သမ္မတနိုင်ငံတော်၏ အမျိုးသားအားလပ်ရက်အဖြစ် အဆိုပြုခဲ့ပြီး ၁၈၈၀ ခုနှစ်၊ ဇူလိုင် ၆ တွင် လွှတ်တော်က ယင်းအဆိုကို အတည်ပြုပြဌာန်းပေးခဲ့ပါသည်။

၁၈၇၀ ခုနှစ် စစ်ကြီးအတွင်း အရေးနိမ့်ခဲ့ရမှုများကို ပြန်လည်ကုစားသည့်အနေဖြင့် မျိုးချစ်စိတ်ဓာတ်နှင့် စစ်သွေးစစ်မာန်တို့ကို အလေးပေးသည့် ဤအထိမ်းအမှတ်ပွဲကြီးကို ပြင်သစ်နိုင်ငံအနှံ့ တောရောမြို့ပါမကျန် ကျင်းပကြပါသည်။ ကနဦးတွင် ဇူလိုင် ၁၃ ညနေပိုင်း၌ မီးတုတ်များကိုင်ကာ ချီတက်ပွဲကြီးဖြင့် အစပြုကျင်းပခဲ့ကြပါသည်။ ဇူလိုင် ၁၄ မနက်တွင် သေနတ်၊အမြောက်များ ပစ်ဖောက် အလေးပြုခြင်း၊ ဘုရားကျောင်းများ၌ ခေါင်းလောင်းများတီးခြင်းတို့ဖြင့် အစပြုကာ စစ်ရေးပြချီတက်ပွဲကြီး ကျင်းပကြပါသည်။ ယင်းနောက် နေ့လယ်စာ တည်ခင်းဧည့်ခံပွဲကြီး ကျင်းပပြီး ကပွဲဖျော်ဖြေပွဲအစုံစုံ၊ ကစားပွဲများ၊ မီးရှူးမီးပန်းပစ်ဖောက်ခြင်းများဖြင့် ယင်းနေ့ကို အဆုံးသတ်ကြပါသည်။

၁၉၁၄-၁၈ ပထမကမ္ဘာစစ်ကြီးပြီးနောက် ၁၉၁၉ ခုနှစ်၊ ဇူလိုင် ၁၄ တွင် မဟာအောင်ပွဲကြီးအဖြစ် ကျင်းပခဲ့ပါသည်။ အလားတူပင် ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၆ ခုနှစ် ဇူလိုင် ၁၄ ရက်မှ စတင်ပြီး သုံးရက်တိုင်တိုင် အများပြည်သူပျော်ပွဲရွှင်ပွဲများကို ကျင်းပခဲ့ပါသည်။

Photo (c) SCENE Chicago

ယနေ့ခေတ် ဇူလိုင် ၁၄

ယနေ့ကာလတွင် ဇူလိုင် ၁၄ အထိမ်းအမှတ်ပွဲကြီးကို ခမ်းနားကြီးကျယ်စွာ ကျင်းပပါသည်။ ပါရီမြို့တော်၊ ရွှန်အယ်လီဇေးလမ်းမကြီးတစ်လျှောက် ရိုးရာစစ်ရေးပြချီတက်ပွဲကြီးကို ရင်သပ်ရှုမောဖွယ် ဖျော်ဖြေပွဲများနှင့်အတူ ကျင်းပပြီး နိုင်ငံတစ်ဝှမ်း မီးထွန်းပွဲများကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကြပါသည်။

ပဉ္စမမြောက် ပြင်သစ်သမ္မတနိုင်ငံတော်ခေတ် ရောက်သည့်အခါ ပြင်သစ်သမ္မတကြီးများသည် ပွဲတော်ကြီး၏ အစီအစဉ်များကို အနည်းငယ်ပြောင်းလဲခဲ့ပါသည်။ ဥပမာအားဖြင့် သမ္မတကြီး ရီးစကာဒတ်စတန်း လက်ထက်တွင် စစ်ရေးပြချီတက်မှုလမ်းကြောင်းကို ဘာစတီးနန်းတော်မှ သမ္မတနန်းတော်သို့ ချီတက်စေရန် လမ်းကြောင်းပြောင်းလဲခဲ့ပါသည်။ သို့သော်လည်း ၁၉၈၀ ခုနှစ်မှစ၍ ပုံမှန်ချီတက်မြဲ ရွှန်အယ်လီဇေးလမ်းမကြီးအတိုင်း ပြန်လည်ချီတက်ခဲ့ကြပါသည်။

သမ္မတကြီး ဖရန်ဆွားမီတရွန်လက်ထက်၊ ၁၉၈၉ ခုနှစ်၊ ဇူလိုင် ၁၄ တွင် ရွန်းပေါလ်ဂူတေး စီစဉ်သည့် “လာမာ့ဆဲလေ့စ်” ညချီတက်ပွဲကြီးကို ပြင်သစ်တော်လှန်ရေး နှစ် ၂၀၀ ပြည့်အဖြစ် ကျင်းပခဲ့ပါသည်။ ယင်းညချီတက်ပွဲကြီးကို ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံခေါင်းဆောင်များ တက်ရောက်ကြည့်ရှုခဲ့ကြပါသည်။

၁၉၉၄ ခုနှစ်တွင် နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်မှု ပြန်လည်တည်ဆောက်သည့် သင်္ကေတအဖြစ် ဥရောပတပ်ဖွဲ့၌ တာဝန်ထမ်းဆောင်နေသည့် ဂျာမန်စစ်သည်တော်များပါ ရွှန်အယ်လီဇေးချီတက်ပွဲကြီးတွင် ပါဝင်ချီတက်ခဲ့ကြပါသည်။

၂၀၀၇ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ဥရောပနိုင်ငံပေါင်း ၂၇ နိုင်ငံတို့မှ စစ်သည်တော်များ ပါဝင်ချီတက်ခဲ့ကြပါသည်။ ၂၀၀၉ ခုနှစ်တွင် အိန္ဒိယစစ်သည်တော်များအား ဖိတ်ကြားခဲ့ရာ အင်အား ၄၀၀ ရှိ အိန္ဒိယ တပ်မတော် ကြည်း၊ ရေ၊ လေ ပူးပေါင်းတပ်ရင်းတစ်ရင်း ပါဝင်ချီတက်ခဲ့ပါသည်။ အလားတူ ၂၀၁၀ ခုနှစ်တွင် အာဖရိကတိုက်ရှိ ၁၄ နိုင်ငံကလည်း ယင်းတို့၏ နှစ် ၅၀ ပြည့် လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ် ပါဝင်ချီတက်ခဲ့ပါသည်။

၂၀၀၇၊ ၂၀၀၈ နှင့် ၂၀၀၉ ခုနှစ်တို့တွင် စစ်ရေးပြချီတက်ပွဲကြီးပြီးနောက် မော်ကွန်းဝင်သူရဲကောင်းများနှင့် စစ်ဘေးဒဏ်ခံခဲ့ရသူ ရာပေါင်းများစွာအား အယ်လီဇေးပန်းခြံအတွင်း ရိုးရာအတိုင်းကျင်းပသည့် တည်ခင်းဧည့်ခံပွဲသို့ ဖိတ်ကြားခဲ့ပါသည်။ ၂၀၁၀ ခုနှစ် စီးပွားရေးနှင့် ဘဏ္ဍာရေးအကျပ်အတည်းကြောင့် သမ္မတကြီး နီကိုလဆာကော်ဇီသည် ပြည်သူ့ဘဏ္ဍာငွေ ကောင်းစွာစီမံခန့်ခွဲမှုကို ပြသသည့်အနေဖြင့် ပန်းခြံတည်ခင်းဧည့်ခံပွဲကို ဖျက်သိမ်းခဲ့ပါသည်။ အလားတူပင် သမ္မတကြီး ဖရန်ဆွားဟော်လန်ဒီ၏ တောင်းဆိုမှုအရ ၂၀၁၁ နှင့် ၂၀၁၂ တို့တွင် ယင်းကို ပြုလုပ်ခဲ့ခြင်း မရှိခဲ့ပါ။

ကျေးဇူးတင်လွှာ
ပြင်သစ်နိုင်ငံတော်၊ ပြင်သစ်လူမျိုးများနှင့် ပြင်သစ်ဘာသာစကားတို့ကို ချစ်ခင်မြတ်နိုးကြသည့် မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတို့အတွက် ဤဘာစတီးနေ့အကြောင်းကို ပြင်သစ်ယဉ်ကျေးမှုဌာနက ဂုဏ်ယူဝမ်းမြောက်စွာ ဘာသာပြန်ဖော်ပြအပ်ပါသည်။ ပြင်သစ်ယဉ်ကျေးမှုဌာနကို ချစ်ခင်အားပေးကြသည့်အတွက်လည်း မိတ်ဆွေများအား များစွာကျေးဇူးတင်ရှိပါသည်။

Source: www.diplomatie.gouv.fr/en/coming-to-france/france-facts/symbols-of-the-republic/article/the-14th-of-july-bastille-day